အင်းတော် စက်တင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးနှင့် အင်းတော်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်ကအင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်အားကစား၊ လူကုန်ကူးမှု အန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို အခါအား လျှော်စွာ ပြသဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် မူးယစ် ဆေးဝါးအန္တရာယ်များကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါး၏ သားကောင်များအဖြစ်မှ ကင်းဝေးစေနိုင်ရေး၊ နိုင်ငံတော်၏ အားကိုး အားထား ပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေး၊ လူကုန်ကူးမှုအန္တရာယ်မှကင်းဝေးနိုင်စေရေးတို့အတွက် ယခုကဲ့သို့ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီ းဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟက ပြောပြခဲ့သည်။
အဆိုပါအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင်ကို ပြသခဲ့သည်။ ထို့နောက် အင်းတော်မြို့ မြို့မစခန်းမှူး ဒုရဲမှူး ကျော်ကျော်က လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းကိုလည်းကောင်း၊ အင်းတော်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မြင့်မြင့်စန်းက လူငယ်နှင့်အားကစား အကြောင်းအရာများကိုလည်းကောင်း၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက လူကုန်ကူးမှု အန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။ ၎င်းနောက် မြို့နယ်အားကစားမှူးက အားကစားထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နေနီနန်းမိုးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။ ယင်းအသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ အင်းတော်မြို့ မြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ အင်အား ( ၁၀၀ ) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ