ချောင်းသာ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) မျိုးစေ့ထုတ်ရန်အတွက် မျိုးစေ့စိုက်ပျိုးကြဲပက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မိုင်တိုင် ၃၀/၄ နှင့် ၃၀/၅ ရှိ တောင်သူဦးသန်းဇော်ပိုင် မြေကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဇော်မြင့်က သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် စိုက်ပျိုးကြဲပက် ရခြင်းရည်ရွယ်ချက်နှင့် နှောင်နှစ်မိုးစပါးစိုက်ရာသီတွင် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်အား မြေခံအဖြစ် ထည့်သွင်းခြင်းဖြင့် လယ်ယာမြေပြုပြင်ပြောင်းလဲပြီး အထွက်နှုန်းတိုးတက်ရရှိရေး အကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် မြို့အဆင့်ဌာနဆိုင်ရာများက တောင်သူများ လက်ဝယ်သို့ မျိုးစေ့ထုတ်များကို ပေးအပ်ခဲ့ကာ တောင်သူဦးသန်းဇော်ပိုင် မြေဧက(၁.၅၀)ဧကတွင် မြို့အဆင့်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက ပိုက်ဆံလျှော်မျိုးစေ့များအား စုပေါင်းစိုက်ပျိုး ကြဲပက်ခဲ့ကြသည်။
အဆိုပါ မျိုးစေ့ထုတ် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)စိုက်ပျိုးခြင်းကို ချောင်းသာမြို့တွင် (၁၀)ဧကနှင့် ရွှေသောင်ယံမြို့တွင်(၁၀)ဧက လျာထားဆောင်ရွက်လျက်ရှိပြီး ရာသီအချိန်မီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဇော်မြင့်ထံက သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)