လွိုင်ကော် စက်တင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်သည် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဒေသ ကွပ်ကဲရေးမှူးတို့က ကယားပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲ ရှောင်ပြည်သူများအား ဆန်၊ ဆီများကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာ ယာယီနေရပ်စွန့်ခွာစခန်း အသီးသီးမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီတိုက်ပွဲရှောင် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေး ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သံလွင်အောင်က ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းဝင်းခိုင်က ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှုများကို Power Point များဖြင့် ရှင်းလင်း တင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်သူ့ဆေးရုံကြီးအတွက် ထောက်ပံ့ငွေ ကျပ် (၁၀)သိန်းနှင့် ပြည်နယ်ဝန်ကြီးချုပ်က အစာအိမ်နှင့် အူလမ်းကြောင်းကြည့် မှန်ပြောင်းမော်နီတာ Medical Grade SONY (LMD-2435MD) စက်ပစ္စည်းအား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်ပြည်သူ့ဆေးရုံကြီးရှိ လူနာ ဆောင်များအား လှည့်လည်ကြည့်ရှုကာ လူနာများအား အားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ ခြင်းနှင့် ယာယီနေရပ် စွန့်ခွာ မီးဖွားလူနာအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန် ခန်းမ၌ ကျင်းပပြုလုပ်သည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲ အခမ်းအနား သို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပညာရေးမှူးက ပြည်နယ်အတွင်း ပညာရေး ဆိုင်ရာ ဆောင်ရွက်နေမှုအား Power Point ဖြင့် ဆွေးနွေးတင်ပြခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်နယ်အတွင်း ပညာရေးဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များလိုက်ပါလျက် လွိုင်ကော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်ပေါ် လာစေရေးအတွက် သင်ကြားပေးကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများ၏ အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရန် မိသားစုအသွင်ဖြင့် လာရောက်တွေ့ဆုံ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပညာရေးဌာနမှ တာဝန်ရှိသူများက ကျောင်းအတွက် လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ကျောင်းဝန်းအတွင်း နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)