ဘားအံ စက်တင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ထောင်ဝိကျေးရွာ၊ ကွင်းအမှတ် ၁၁၈၄ ၊ တောင်သူဦးဝင်းတင်၏ မိုးစပါး ၅ ဧက၌ကျင်းပသည့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက် တောင်သူများအား မြေဩဇာထောက်ပံ့ ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်၍ တောင်သူ များ၏ မြေဩဇာရောစပ် စုပေါင်းကြဲပက်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ အကောင်အထည်ဖော်လျက်ရှိရာတွင် စားရေရိက္ခာဖူလုံမှသာလျှင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးသာယာဝပြောလာ မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စားရေရိက္ခာဖူလုံရန်အတွက် လယ်ယာမြေများကို လှပ်မြေမထားဘဲ လျာထားချက် ပြည့်မီကျော်လွန် အောင် စိုက်ပျိုးဖို့လိုပြီး သီးနှံထုတ်လုပ်မှုမြင့်မားစေရေး၊ ဝင်ငွေ တိုးတက်စေရေး၊ ဈေးကွက်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရေးအတွက် သီးနှံအမယ်စုံစိုက်ပျိုး ကြဖို့လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများပိုမို တိုးတက်လာစေရန် အတွက် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းပြီး ဈေးကွက်အလားအလာ ရှိသည့် သီးနှံများကို နှစ်သီးမှ သုံးသီးအထိစိုက်ပျိုးနိုင်အောင် ကြိုးစားကြစေလိုကာ စပါးအပြီး နွေစပါး၊ ပဲအမျိုးမျိုးနှင့် နေကြာသီးနှံ စသည့် ဆီထွက်သီးနှံများ၊ အခြားအလားအလာရှိသည့် သီးနှံ များကို တိုးချဲ့စိုက်ပျိုးမှသာ ပြည်နယ်အတွက် ဆန်၊ ဆီ၊ ပဲ၊ ဖူလုံ၍ ပြည်နယ်၏ သီးထပ်စွမ်းအားလည်း တိုးမြင့်လာမည်ဖြစ်ကြောင်း၊ ယခုအချိန် အခါသည် မိမိတို့စိုက်ပျိုးထားသည့် စိုက်ခင်း များတွင် အပင်ဖြစ်ထွန်းကြီးထွားရန် အထွက်နှုန်းကောင်းရန်နှင့် အစေ့အဆံများပြည့်တင်းရန် အာဟာရဓာတ်များ လိုအပ်နေသည့် ကာလဖြစ်သကဲ့သို့ ရေလွှမ်းမိုးခံရသည့် လယ်ယာမြေများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ရမည့်အချိန်ကာလလည်းဖြစ်ကြောင်း၊ အပင်က လိုအပ်သည့် အာဟာရဓာတ်များထည့်သွင်းရာတွင် ဓာတ်မြေဩဇာများကို တစ်မျိုးတည်း သုံးစွဲခြင်းသည် အပင်ကရရှိမှုထက် လေလွင့်ဆုံးရှုံးမှုပိုများစေသည့်အပြင် ထုတ်လုပ်မှုကုန်ကျစရိတ်လည်း များစေ သည့်အတွက် ဓာတ်မြေဩဇာ နှင့် သဘာဝမြေဩဇာကို အချိုးကျသုံးစွဲတတ်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း၊ ထိုသို့လိုက်နာကျင့်သုံးခြင်းသည် လက်ရှိဖြစ်ပေါ်နေသော ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်လာမှုကို ကျော်လွှားနိုင်သကဲ့သို့ အပင်၏ လိုအပ် သည့် အာဟာရဓာတ်ကို အချိန်ကိုက်အချိုးကျသုံးစွဲရခြင်းမှ အထွက်ကောင်း အရည်အသွေးကောင်း ထုတ်ကုန်များကို ထုတ်လုပ်လာနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်၏လို အပ်ချက် တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ရှေ့ရှုပြီး အဖက်ဖက်မှ အားပေးကူညီသွား မည်ဖြစ်သကဲ့သို့ တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တရုတ်လှ၊ ထောင်ဝိ၊ ရဲသာ၊ ဘားကပ်၊ မြိုင်ကလေး၊ ကော့ထ မလိန်း၊ ကော့လှိုက်၊ ရသေ့ပျံ၊ တော်ပုံကျေးရွာများမှ မိုးစပါးစိုက်တောင်သူများအား ယူရီးယား ဓာတ်မြေဩဇာ ၁၀၀ အိတ်နှင့် သဘာဝမြေဩဇာ ၁၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူ များ၏ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောထား တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော မြို့မိမြို့ဖများ၊ နိုင်ငံရေး ပါတီများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးကိစ္စရပ်များ၊ တိုင်းရင်းသားစာပေ သင်ကြားမှု ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသားရိုးရာ ဒုံးအကဖြင့် ကပြဖျော်ဖြေခဲ့ကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့်အတူ ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများသည် မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၃)ရပ်ကွက်ရှိ မဲဘောင်ကျောင်းတိုက်သို့ ရောက်ရှိပြီး မဲဘောင် ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများအား ပအိုဝ်း ယဥ်ကျေးမှုအဖွဲ့က ပအိုဝ်းရိုးရာယဉ်ကျေးမှုအကဖြင့် ကြိုဆိုခဲ့ကြပြီး အဆိုပါယဉ်ကျေးမှုအဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မဲဘောင်ကျောင်းတိုက်၌ ပအိုဝ်းတိုင်းရင်းသားများနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ပအိုဝ်း တိုင်းရင်းသား ပြည်သူများအား ငြိမ်းချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ စားဝတ်နေရေးတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ အလားတူ ပအိုဝ်းတိုင်းရင်း သားများ၏ လူ့စွမ်းအားအရင်းမြစ်များဖြင့် နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက် နိုင်စေရန်နှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)စုမှ ပအိုဝ်းတိုင်းရင်းသားများကိုယ်စား ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပအိုဝ်းတိုင်းရင်းသားများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသော ပအိုဝ်းတိုင်းရင်းသားပြည်သူများက လိုအပ်သည်များ ဖြည့်ဆည်း ပေးနိုင်ရန် တင်ပြကြရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ရှင်းလင်းတင်ပြခဲ့ ကြပြီး ပအိုဝ်းတိုင်းရင်းသား ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသော ပအိုဝ်းတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)