ဘုတ်ပြင်း စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဦးဆောင်ပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး မြေစိုက်ဘုတ် စိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ အမှတ်(၂) မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် စုပေါင်း စိုက်ထူခဲ့သည်။
အဆိုပါ မြေစိုက်ဘုတ်စိုက်ထူခြင်းကို ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ကျော်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ လူကုန်ကူးခံရသူ တိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့နှင့်လိပ်မူ တိုင်ကြားရမည့် ဖုန်းနံပတ်ပါ မြေစိုက်ဘုတ်အား စုပေါင်းစိုက်ထူခဲ့ကြသည်။
ဆက်လက်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ထုတ်ဝေသည့် လူကုန်ကူးမှုဆိုသည်မှာ၊ ရောင်းကုန်ထဲမှာ လူမပါ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာများ၊ လူကုန်ကူးမှုခံရလျှင် ခံစားရမည့် ဆိုးကျိုးများနှင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းသွားလာနေသူများ၊ ရပ်ကွက်ကျေးရွာများမှ ပြည်သူများနှင့် ခရီးသွားလာနေသူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)