မြိတ် စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးမျာ ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့က မြိတ်ပြည်သူ့ ဆေးရုံရှိ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ နှလုံးရောဂါဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ပညာ၊ ဆီးချိုနှင့် ဟော်မုန်းဆေးပညာ၊ ဆီးနှင့်ကျောက်ကပ်ကုဆေးပညာ၊ အရိုးအကြော အဆစ်ဆေးပညာ၊ သွေးရောဂါဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ(၉) ရက်နှင့်(၁၀)ရက်တို့တွင် ဝန်ကြီးဌာန အစီအစဉ်ဖြင့် ပြည်သူ့ဆေးရုံကြီး-မြိတ်မြို့တွင် အထူးကုဆေးကုသရေး အစီအစဉ်ဖြင့် လာရောက်ကုသပေးခြင်း ဖြစ်သည်။
ဒေသခံပြည်သူများ၏ ရောဂါဝေဒနာများကို အထူးကုဆေးကုသရေးအစီအစဉ်တွင် လာရောက် ပြသနိုင်ရန်အတွက် တာဝန်ရှိသူများက ဝေနာရှင်များကို ကြိုတင်စာရင်းပြုစု စုဆောင်း၍စနစ် တကျဆောင်ရွက်ခဲ့ခြင်းကြောင့် မြိတ်ဒေသအတွင်းရှိ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများ စာရင်းပေးခဲ့ကြရာ ဝေဒနာရှင်(၁၀၀၀)ကျော်ရှိကာ လာရောက်ပြသသည့် ဝေဒနာရှင်များကို လည်း ဘာသာရပ်များအလိုက် ပါမောက္ခ/အထူးကု ဆရာဝန်ကြီး များက စမ်းသပ်ကြည့်ရှုပေး၍ လိုအပ်သောကုသမှုနှင့် အကြံပြုချက်များ ဆောင်ရွက်ပေးလျက်ရှိသည်။
ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင် ဦးဆောင်သော ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများက မြိတ်ဒေသခံပြည်သူများ၏ ရောဂါဝေဒနာများကို စမ်းသပ်ကြည့်ရှု စစ်ဆေးကုသပေးနေသည့် အထူးကုဆေးကုသရေးအစီအစဉ်ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်စကားပြောကြား၍ ဒေသထွက်အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြကာ လာရောက်ပြသကြသော ဝေဒနာရှင်များ ကိုလည်း မုန့်နှင့် သောက်ရေများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဆေးကုသရေးအစီအစဉ်၌ ဒေသခံပြည်သူများအနေဖြင့် ဆေးကုသမှုခံယူရန်အတွက် ပထမနေ့၌ ဦးနှောက်အာရုံကြောခွဲစိတ်(၁၇) ဦး၊ ဦးနှောက်အာရုံကြောဆေးကု(၂၃၁)ဦး၊ နှလုံး ဆေးကု(၂၃၀)ဦး၊ ဆေးပညာ (၆၅)ဦး၊ သွေးရောဂါ(၂၇)ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကု (၇၂)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း(၁၁၂)ဦး၊ အရိုးအကြောအဆစ်(၁၄၉)ဦး၊ ဆီးချိုနှင့်ဟော်မုန်း(၁၃၅) ဦး စာရင်းပေးထားရှိကြောင်း၊ ဝေဒနာရှင်များအား ရောဂါများအလိုက် ဆရာဝန်ကြီးများမှ နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့် ရှုခြင်း၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ Ultrasound ရိုက်ကူးခြင်း၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း၊ သွေးချိုဓာတ်တိုင်းတာခြင်းတို့ကို စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )