ကသာ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ မြို့တော်ခန်းမတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက် (၂)ဖြင့် ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း ကို ယမန်နေ့ နံနက် (၁၀) အချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းများက မှတ်ပုံတင်မပြုလုပ်ရသေးသည့် ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက် အဆင့်(၂)ကို ဩဂုတ်လ (၂၆) ရက်နေ့မှ စတင်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ(၂၇၄)ဦးနှင့် စက်တင်ဘာ (၉) ရက်နေ့တွင် ကသာမြို့ပေါ်ရှိ ရပ်ကွက် များနှင့် ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ(၆၆)ဦး စုစုပေါင်း(၃၄၀)ဦးကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ကျော်စွာထွန်း(ကသာ)