ပုသိမ် စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့တွင် ဆေးရုံ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့အား Clean City, Green City ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုပေါင်း၍ အပတ်စဥ်စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြု အဖွဲ့များက အမှတ်(၄)ရပ်ကွက်၊ ပြည်သူ့ ဆေးရုံဝန်းနှင့် အမှတ် (၈)ရပ်ကွက် တိုင်းရင်းဆေးရုံဝန်း အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ခြုံနွယ် ပိတ်ပေါင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ အဆောက်အဦနှင့် ငြိနေသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့အား ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းဆောင်ရွက်လျက်ရှိရာ သန့်ရှင်းရေးဆောင်ရွက် နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား မှာကြားဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပြန်/ဆက်)