အသက်(၉)နှစ်ပြည့်ပြီး မှ (၁၂)နှစ်ပြည့်သူမိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ်  စက်တင်ဘာ  ၁၀

အသက်(၉)နှစ်ပြည့်ပြီးမှ (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀)ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားသူ အမျိုးသမီးလူနာအသစ် ၆သိန်းကျော်ရှိပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါကြောင့် နှစ်စဉ် အမျိုးသမီး ၃သိန်းကျော်သေဆုံးလျက်ရှိပါကြောင်း၊ နှစ်စဉ်သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှု နှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် (၁၃.၃)ဦးရှိကြောင်းနှင့် သေဆုံးမှုနှုန်းမှာ (၆.၉)ရှိပါ ကြောင်း၊ (၂၀၂၃)ခုနှစ်၊ မတ်လတွင် WHOထုတ်ပြန်ထားသော အချက်အလက်များအရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာအဖြစ်များဆုံး အသက်အုပ်စုမှာ အသက်(၁၅)နှစ်မှ အသက်(၄၄)နှစ်ဖြစ်ပြီး အမျိုးသမီးလူဦးရေ တစ်သိန်းတွင် (၂၅.၃)ဦးဖြစ်ပွားသည်ဟု သိရပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်သော အမျိုးသမီးများ၌ ဒုတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါအားလုံးအနက် (၇၀)ရာခိုင် နှုန်းသည် HPV ပိုး အမျိုးအစား (၂) မျိုးဖြစ်သည့် အမျိုးအစား(၁၆)နှင့်(၁၈) ကူးစက်ခံရခြင်းကြောင့်ဖြစ်ပြီး သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးသည် အဆိုပါပိုးအမျိုးအစား (၂)မျိုး ကူးစက်ခံရခြင်းမှ (၉၅) ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါကြောင်း၊  ထို့ကြောင့်သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို မိန်းကလေးငယ်များအား ဆောလျင်စွာထိုးနှံခြင်းက သားအိမ်ခေါင်း ကင်ဆာ ရောဂါကို အစောဆုံးကာကွယ်မှုရရှိနိုင်မယ့် အခွင့်အလမ်း တစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသက်၉နှစ်ပြည့်ပြီး မှ ၁၂နှစ်ပြည့်သူ မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးရာမှာ ကျောင်းအခြေပြုနှင့် ပြည်သူ လူထုအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူ များအား ယခုလ(၁၈)ရက်နေ့မှစတင်၍ ကာကွယ်ဆေးထိုးဖွဲ့ (၁,၄၃၅)ဖွဲ့ဖြင့် ကျောင်းအခြေ ပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်သည့်အတွက် ကာကွယ်ဆေးများကို အလေအလွင့်မရှိ စေရန်လမ်းညွှန်ချက်များနှင့်အညီ အသုံးပြု ဆောင်ရွက်ကြဖို့လည်း မှာကြားလိုပါကြောင်း၊  ကမ္ဘာပေါ်တွင်သာမက မြန်မာနိုင်ငံမှာတွင်ရှိ သည့် အမျိုးသမီးများမှာ ဖြစ်ပွားမှုနှုန်းမြင့်မာနေသည့် သား အိမ်ခေါင်းကင်ဆာ ရောဂါကို ပဏာမအဆင့်ကာကွယ်ခြင်းဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကို ရည်မှန်းအမျိုးသမီးငယ်များအား ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ရာမှာ လွှမ်းခြုံမှုမြင့်မားစွာ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအားလုံးက ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အသက်၉နှစ်ပြည့်ပြီး ၁၂နှစ်မပြည့်သေးသော မိန်းကလေးငယ်များအား ကာကွယ်ဆေးအပြည့် အဝထိုးနှံပေးနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့်လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက  သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး စတင်ထိုးနှံမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအခြေအနေ၊ (HPV)ပိုး ကူးစက်ပျံ့နှံ့ခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ခြင်းနှင့်ကုသခြင်း၊ ဆေးထိုးရန်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)