မုံရွာ စက်တင်ဘာ ၁၀
ပြည်သူ့ဆေးရုံကြီးများပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးနှင့် ပြည်သူများစိတ်နှလုံးအေးချမ်းစွာဖြင့် ဆေးကုသမှုခံယူစေနိုင်ရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ စုပေါင်း၍ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများ အား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာ များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘိုတောင် ရပ်ကွက်ရှိ ကုတင် ၂၀၀ ဆံ့၊ အမျိုးသမီး သားဖွား မီးယပ်နှင့် ကလေးဆေးရုံကြီးတွင် တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ စုပေါင်း၍ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၃၂ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင် သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၄၂၀၀ ဦးကျော်ဖြင့် ပြည်သူ့ဆေးရုံကြီးများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ပြန်/ဆက်