မင်းဘူး စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဒေသခံတောင်သူများအား စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေဆောင်ရွက်ပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့်ဆောက်လုပ်လျက်ရှိသည့် စိုက်ပျိုး ပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်နေမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မင်းဘူး(စကု)မြို့နယ် ဥယျာဉ်ဇင်ကျေးရွာအုပ်စုရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သိမ်ကုန်း နည်းပညာ ပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ ဆောက်လုပ်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုဆောက်လုပ် နေသော အဆောက်အဦအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများကို မြေပြင်တွင် လက်တွေ့ ဖြန့်ဝေဆောင်ရွက်ပေးနိုင်ရန် ခွင့်ပြုဆောက်လုပ်ပေးရခြင်းဖြစ်တာကြောင့် အဆောက်အဦ ရေရှည်တည့်တံ့ခိုင်မြဲကို ဦးစားပေးဆောက်လုပ်ပြီး စိုက်ပျိုးရေးတောင်သူများအတွက် အမှန်တစ်ကယ် အကျိုးရှိစွာ အသုံးပြုဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားပြီးအဆောက်အဦ ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ သင်တန်းကျောင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုငွေ ၁၆၁ ဒဿမ ၅၄၁ ကျပ်သန်းဖြင့် (ပေ ၉၀ x ပေ ၃၀ x ၁၂ ပေ) အရွယ်အစားရှိ RC တစ်ထပ် စာသင်ဆောင် ပင်မအဆောက်အဦကို ရဲမာန်ဆောက်လုပ်ရေး ကုမ္ပဏီနှင့် (ပေ ၆၀ x ပေ ၃၀ x ၁၂ ပေ) အရွယ်အစားရှိ RC တစ်ထပ် စားသောက်ဆောင်နှင့် မီးဖိုဆောင်အပြင် ရေစင်၊ ရေကန်နှင့် လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများကို ခွင့်ပြုငွေ ၁၆၀ ဒဿမ ၉၀ ကျပ်သန်းဖြင့် ချိုဇင်သံသာ ဆောက်လုပ်ရေးကုမ္ပဏီတို့က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှ စတင်ကာ အသီးသီးတာဝန်ယူ ဆောက်လုပ်လျက်ရှိကြောင်း၊ သင်တန်းကျောင်း ဆောက်လုပ်ပြီးစီးပါက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲများနှင့် တောင်သူပညာပေးခြင်းလုပ်ငန်း များကို တစ်နေရာထဲတွင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စကုမြို့ မိခင်နှင့်ကလေးမူကြိုကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား/ကျောင်းသူ (၇၅)ဦးအတွက် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ကာ နွားနို့ဆန်ပြုတ်အာဟာရများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)