ပလောက် စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (အ.ထ.က၊ ပလောက်) ကျောင်းခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က ကျောင်းသားလူငယ်များ ထူးချွန် ထက်မြက်ပြီး လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေး တတ်သူများ ဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့(ပြန်/ဆက်) ဦးစီးမှူး ဒေါ်နှင်းမြူလွင်က ဦးဆောင်ဆွေးနွေးကာ Grade-12 ကျောင်းသူ မနှင်းနှင်းချောမှ “လူငယ်နှင့် နည်းပညာ”၊ မချောဝဿန်မှ “လူငယ်နှင့် ကျန်းမာရေး”၊ Grade -11 ကျောင်းသူ မချိုဇင်သိမ့်မှ “လူငယ်နှင့် ပညာရေး”၊ Grade -10 ကျောင်းသား မောင်ဇွဲဉာဏ်ဆက်မှ “လူငယ်နှင့် ယဥ်ကျေးမှုတန်ဖိုး” ကို လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခြင်းနှင့် အသိပညာပေး နံရံကပ် စာစောင်ပြသပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် ပလောက်