ဂန့်ဂေါခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းမိသားစုတို့၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားပြုလုပ်

 

ဂန့်ဂေါ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း ပွဲကို ယမန်နေ့နံနက်(၉)နာရီက မြောက်ကုန်းရပ်ကွက် သမိုင်းဝင်ရွှေပြည်ဆိပ်ဦးအနီးရှိ သာသနာ့ ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် လုံဟောရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တအဇ္ဇဝါစာရဆရာတော်ထံမှငါးပါးသီလခံယူတည်ဆောက်ကြပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူခဲ့ကြဿည်။ ထို့နောက် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးအောင်ဇော်ဝင်းနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ဒေသခံပြည်သူများနှင့်စေတနာရှင်ပြည်သူများက ပင့်ဖိတ်ကြွရောက်တော်မူလာကြသည့်ဆရာတော်၊သံဃာတော်(၁၃)ပါးတို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မြို့ခင်းသာတောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)