ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၇)ကျောင်းအား ထပ်မံယာယီပိတ်ထားရ

ပွင့်ဖြူ စက်တင်ဘာ ၁၀

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာသည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာ(၇)ရွာမှ အခြေခံ ပညာစာသင်ကျောင်း (၇)ကျောင်းတွင် မြစ်ရေများ တစ်ပေခွဲခန့် ဝင်ရောက်ခဲ့ သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှစပြီး ထပ်မံ၍ ယာယီ ပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထပ်မံ၍ ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်း များမှာ ငါးခြောက်ကျွန်းကျေးရွာအုပ်စုရှိ ငါးခြောက်ကျွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ ပေါက်ကုန်းကျေးရွာအုပ်စုရှိ ‌ပေါက်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့် ပေါက်ကုန်းရွာသစ် အခြေခံပညာမူလတန်းကျောင်း၊ ကျွဲတိကျေးရွာအုပ်စုရှိ ကြည်ကုန်းကျေးရွာအခြေခံပညာ မူလတန်း ကျောင်းနှင့် ဇေယျာမြိုင်ကျေးရွာအခြေခံပညာ မူလတန်းကျောင်း၊ ဆည်မုန်းကျေးရွာအုပ်စုရှိ ဆည်မုန်း ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် ညောင်ကုန်းကျေးရွာအခြေခံပညာ မူလတန်းကျောင်းတို့ ဖြစ်ပြီး ယင်း စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြစ်ရေကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာသင်ချိန်သင်ခန်းစာ နောက်မကျစေရေးအတွက် ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များ အစားထိုး၍ စနစ်တကျ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)