တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ပြည်သူ့ဆေးရုံ အပြင်ဘက် ပတ်ဝန်းကျင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မြိတ် စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ ပြည်သူ့ဆေးရုံဝင်းနှင့် အပြင်ဘက်တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဆေးရုံအပြင်ဘက် ပတ်ဝန်းကျင်ရှိ  လမ်းပေါ်အုပ်မိုး နေသည့် သစ်ပင်များကို ဓားများဖြင့် ခုတ်ထွင်ရှင်းလင်းခြင်း၊  မြက်ပင်ချုံနွယ်များကို မြက်ဖြတ်စက်၊ ဓား၊ ပေါက်တူး၊ တံမြက်စည်းများဖြင့် ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းသိမ်းဆည်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပြည်သူများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းပေးခြင်း ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြ၍ ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )