ကျွန်းစု စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးဇော်ဝင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်အား စုပေါင်းညီညာစွာရွတ်ဆိုခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ပြိုင်ပွဲတွင် ကျွန်းစုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ပုဇွန်ကန်အသင်းနှင့် တောင်နောက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ပုဇွန်ကန်အသင်းက (၂-၁)ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)