တောင်တွင်းကြီး စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ အောင်မြင်ဇေယျရခိုင်စေတီတော်မြတ်ကြီး ပရဝဏ်အတွင်း စေတီတော်ကြီး အုတ်တံတိုင်းအလှူနှင့် ဓမ္မာရုံကြီး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက အဆိုပါဘုရားကြီးရှိ ဓမ္မာရုံကြီး၌ ကျင်းပရာ တောင်တွင်းကြီးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယ တိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သာယာအေး ကျောင်းတိုက်ကြီး၏ ပဓာနနာယက သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစာရိတ္တ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ အမှတ် (၇)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူးဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သာယာအေးကျောင်းတိုက်ကြီး၏ ပဓာနနာယက သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစာရိတ္တထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈယ် တော်မူသည့် ပရိတ်တရားတော်များအား နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်မျာထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ အမှတ် (၇)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ပြီး စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးအုန်းမြင့်က ဓမ္မာရုံတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လျှောက်ထားတင်ပြသည်။
ယင်းနောက် တိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ငှက်ပစ်တောင် ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)