မကွေး စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးတွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို ယနေ့နံနက် (၇)နာရီအချိန်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးတွင် ဌာနဆိုင်ရာဝန်ထမ်များ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မကွေးတပ်နယ်မှူးတို့က ကြည့်ရှု အားပေးခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သူများ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများမှ စုပေါင်း၍ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်နှင့် ဆေးရုံပတ်ဝန်းကျင် သာယာလှပရေး အတွက် မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပန်းခြံများအတွင်းရှိ အပင်များ ရှင်သန် ကြီးထွားရေးအတွက် မြေဆွပေးခြင်းနှင့် အလှမြက်ပင်များအား မြက်ရိတ်စက်များဖြင့် စနစ်တကျ ရိတ်သိမ်းခြင်း၊ အဆောက်အအုံနှင့်မလွတ်ကင်းသော သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းပေးခြင်း၊ ရေမြောင်းများ အတွင်း ရေစီးရေလာကောင်းမွန်စေရေး အမှိုက်များ ဆယ်ယူခြင်းနှင့် အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများအား စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် ကျန်းမာရေးကုသစောင့်ရှောက်ရေးလုပ်ငန်းများတွင် အဓိကမှိခို အားထားရ သော ဆေးရုံကြီးဖြစ်ပြီး ကျန်းမာရေးကုသစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသမှု ဆောင်ရွက်သူများနှင့် ဆေးကုသရန်လာရောက်သည့် ပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ရေး အတွက် ဆေးရုံကြီးအတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများသည် လွန်စွာ အရေးကြီးလှပါ ကြောင်း ပြောကြားသည်။
အဆိုပါ အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးအနေဖြင့် တိုင်းဒေသကြီး ပြည်သူ့ ဆေးရုံကြီး(၅)ထပ်ဆောင်နှင့် ပြည်သူ့ဆေးရုံပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပေရေး လုပ်ငန်း များ ဆောင်ရွက်သည့်နည်းတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်ရှိ ပြည်သူ့ဆေးရုံ အသီးသီးတွင်လည်း တိုင်းလုံးကျွတ်အနေဖြင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုစည်သူ(မကွေး)