ကသာ စက်တင်ဘာ ၉
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကသာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်၊ အမှတ်(၈၈၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်၊ အဖွဲ့(၃)ခရိုင်လဝကမှူး ဦးဝင်းအောင်၊ အတွင်းရေးမှူးဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်နှင့် အဖွဲ့ဝင်ဦးထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး “အောင်စေပိုင်စေ” သီချင်းဖြင့် အဖွင့်သီချင်း သီဆိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အမှာစကားပြောကြားရာတွင် အမျိုးသားယဉ်ကျေးမှုဟူသည် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ အသက်သွေးကြောဖြစ်ကြောင်း၊ မိမိတို့၏ အမျိုးသားယဉ်ကျေးမှုများ မပျောက်ပြက်အောင် ထိန်းသိမ်းထားခြင်းသည် နိုင်ငံသားတို့၏ မျိုးချစ်စိတ်ဓာန်ရင့်သန်မှု၊ စည်းလုံးညီညွတ်မှုနှင့် ဝံသာနုရက္ခိတ တရားပြည့်ဝမှုကို ပေါ်လွင်စေကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်မားရေးနှင့်ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ မျိုးဆက်သစ် ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို၏ အမျိုးသားယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင် လက်ဆင့်ကမ်းသယ်ဆောင်သွားဖို့ ကြိုးစားယှဉ်ပြိုင်ကြရန် ပြောကြားသည်။
ထို့နောက် အခြေခံပညာ(၁၀-၁၅)အဆင့် အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ အခြေခံပညာ(၁၅-၂၀)အဆင့် အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲနှင့် ဝါသနာရှင်(ဒုတိယတန်း) အဆင့် အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြပြီး ဆုရရှိသူများအား ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲတွင် ကသာခရိုင်အတွင်းရှိ မြိုနယ်များမှ ပြိုင်ပွဲဝင်(၁၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့်ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)