ကလေး စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းမှ ယာယီရေဘေးရှောင်ပြည်သူများအား ကလေးခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့က ထောက်ပံ့ရေးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ညနေပိုင်းက အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဒသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းတို့က ယာယီရေဘေးရှောင်ပြည်သူများကို အားပေးစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ယာယီရေဘေးရှောင်အိမ်ထောင်စု(၅၂၉)စု၊ လူဦးရေ(၂၀၉၉)ဦးအတွက် ဆန်ရိက္ခာတစ်ပတ်စာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့၌ စက်တင်ဘာ ၈ ရက်နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့သောကြောင့် ရေနှုတ်မြောင်းများ၊ ချောင်းများတွင် ရေများပြည့်လျံ၍ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။ မိုးလေဝေသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့နံနက် ၉ နာရီအချိန် တိုင်းထွာချက်အရ မိုးရေချိန် (၃.၆၆) လက်မရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)