လက်ပံတန်း၌ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

လက်ပံတန်း စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားရာ ဒေသတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယခုလိုအသက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ အိမ်တွင်းအသေးစားစက်မှု လက်မှုလုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များရရှိအောင် သင်တန်းမှရရှိလာမည့် နည်းစနစ်များကိုအခြေခံကာ မိမိတို့နယ်ပယ်တွင် တီထွင်ဖန်တီးမှုများနှင့် ပေါင်းစပ်၍ တစ်ပိုင်တစ်နိုင်ထုတ်လုပ်မှုမှတစ်ဆင့် စနစ်တကျမှတ်ပုံတင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားစေလို​ကြောင်း ပြောကြားပြီး ထူးချွန်သင်တန်းသူ(၅)ဦးအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ချုပ်နည်းပညာသင်တန်းကို အခြေခံနှင့်မွမ်းမံ  ၄၅ ရက်တာကာလကို သင်ကြားပို့ချပေးနိုင်ခဲ့ပြီး ချမ်းသာကုန်းကျေးရွာအုပ်စုမှ သင်တန်းသူ(၁၅)ဦး တက်ရောက်၍ ထူးချွန်သင်တန်းသူ (၅)ဦးအား လုပ်ငန်းအစပြုဆောင်ရွက်ရန် မိမိတို့ဌာနမှ ထောက်ပံ့ငွေကျပ် ဆယ်သိန်းနှင့် ညီမျှသည့် စက်ပစ္စည်းများ ထောက်ပံ့ပေးပြီး လုပ်ငန်းထူထောင်သူ လုပ်ငန်းရှင်ဖြစ်ပေါ်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုး​​ဖြိုးအောင်က ပြောကြားသည်။

မြို့နယ်(ပြန်/ဆက်)