အထက်မင်းလှ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်ကျေးရွာတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် နီးစပ်ရာ ဆွေမျိုးသားချင်းနေအိမ်များတွင် ယာယီပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စုဝင်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့်စားသုံးဆီ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ညနေ (၅) နာရီအချိန်က မလွန်ကျေးရွာအရောက် ကွင်းဆင်း ထောက်ပံ့ပေးခဲ့သည်။
မင်းလှမြို့နယ် မလွန်ကျေးရွာသည် ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး ဧရာဝတီမြစ်ရေဝင်ရောက် လာမှုကြောင့် အိမ်ခြေ (၁၉) လုံး၊ အိမ်ထောင်စု (၁၉) စု၊ လူဦးရေကျား (၄၁) ဦး၊ မ (၃၇) ဦး၊ စုစုပေါင်း (၇၈) ဦး ရေဘေးသင့်ခဲ့၍ နီးစပ်ရာဆွေမျိုးသားချင်း နေအိမ်များတွင် တာဝန်ရှိသူများက ယာယီနေရာချထားပေးခဲ့ရာ အဆိုပါ ရေဘေးသင့်အိမ်ထောင်စု (၁၉) စုအား တစ်အိမ်ထောင်လျှင်ဆန် (၁) ပြည်၊ ဆီ (၅၀) ကျပ်သားတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆန်းမင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စိုးလင်းတို့က ရေဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)