စစ်ကိုင်း စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အဆင့် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ရေး စတဲ့ရည်ရွယ်ချက်များနှင့်အညီ ကျင်းပခြင်းဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင်အားလုံးအနေနဲ့ ခရိုင်ကိုယ်စားပြုမှ တိုင်းဒေသကြီးကိုယ်စားပြုအောင် ကောင်းသောယှဉ်ပြိုင်မှုဖြင့် ကြိုးစားကြပါ အကဲဖြတ်အမှတ်ပေးကြမဲ့ အနုပညာရှင်ကြီးများအနေဖြင့်လည်း ပုဂ္ဂိုလ်စွဲမထားဘဲ တိုင်းဒေသကြီးအောင်နိုင်ရေးအတွက် ရွေးချယ်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အမျိုးသား/အမျိုးသမီးများက ဘာသာရပ်အလိုက် ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ခဲ့ကာ ဆုရရှိခဲ့ကြသည့် အနုပညာရှင်/ဝါသနာရှင်များအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်