ခန္တီး စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဒုတိယမီးသတ်ဦးစီး ဦးသန်းမင်းထက်က မီးဘေးအန္တရာယ်ကျရောက်လာပါက ကာကွယ်ရေးလုပ်ငန်းများအား မိမိကိုယ်တိုင်လွယ်လင့်တကူဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးအန္တရာယ်လုံခြုံရေးနှင့်ပတ်သက်၍လည်းကောင်း၊ မီးဘေးကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မီးငြှိမ်းသတ်ရေးနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းဝန်းအတွင်း မီးလောင်မှုဖြစ်ပွားနိုင်သော ဝိုင်ယာကြိုးတပ်ဆင်ထားမှုများ၊ စက်ပစ္စည်းထားသိုခန်းများ၊ စားဖိုဆောင်များအား လိုက်လံစစ်ဆေးခဲ့ကာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲအားဆက်လက်ဆောင်ရွက်ရာ မီးသတ်ဆေးဘူးအသုံးပြုပုံပြုနည်း၊ မီးလောင်မှုဖြစ်ပွားလာပါက စတင်ဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းပြောကြားခဲ့ရာ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)