ပုသိမ် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မြမာလာစိုးက ကလေးများ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု မဖြစ်ရေးအတွက် မိဘများအနေဖြင့် မည်သို့ပြုစုပျိုးထောင်ရမည်များနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအကြောင်းအရာများ၊ ဦးစီးဌာနအနေဖြင့် ကိုင်တွယ်ဖြေရှင်းပေးနေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဥပဒေအရာရှိ ဒေါ်အယ်လ်မာစိုးက ဥပဒေပါပြဌာန်းချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ဥပဒေပါ ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်ပေးရေးကိစ္စရပ်များနှင့် ပတ်သက်၍ ကလေးသူငယ်များအားပြုမူခြင်းနှင့် ပတ်သက်သည့် ပြစ်မှုနှင့်ပြစ်ဒါဏ်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ ဟောပြောပွဲအပြီးတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယတိုင်းဥပဒေအရာရှိတို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်(ပြန်/ဆက်)