ထားဝယ် စက်တင်ဘာ ၉
ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက်အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားကွင်း၌ကျင်းပသည်။
ရှေးဦးစွာပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး စစ်ရေးပြမှူးမှဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌအား အလေးပြုပြီးတန်းအပ်သည်။
အခမ်းအနားတွင် ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးတင်ထက်နောင်က အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲသည် ထားဝယ်မြို့နယ်ကိုယ်စားပြုအရည်အချင်းရှိသည့် အားကစားသမားများ စိစစ်မွေးထုတ်ပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းအသီးသီးမှ ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာပြီး အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုနှင့်ချစ်ကြည်ရင်းနှီးမှုတွေပိုမိုရရှိလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းလည်းဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် မိမိ၏အရည်အသွေးကောင်းများကိုဖော်ထုတ်ပြသပြီး ယှဉ်ပြိုင်ကစားရင်း ကိုယ်စားပြုလာသည့်ကျောင်း၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးရာရောက်ကြောင်း၊ အားကစားသမားတွေအနေဖြင့် အရည်အချင်းပြည့်ဝသည့် မြို့နယ်ဂုဏ်၊ တိုင်းဒေသကြီးဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် စစ်ရေးပြမှူးမှဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာကာ ပထမပွဲစဉ်ဖြင့် အမျိုးသမီးမဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းအသင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအသင်းက(၆)ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။
ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက်အခြေခံပညာကျောင်း ပေါင်းစုံအမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အမျိုးသား(၁၃)သင်းနှင့်အမျိုးသမီး(၇)သင်းတို့က အုပ်စုများခွဲ၍ စက်တင်ဘာ(၂၆)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)