၂ဝ၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် စက်တင်ဘာ ၉

ကယားပြည်နယ် ၂ဝ၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို လွိုင်ကော်မြို့၊  အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများက “တို့အင်တို့အား” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့သည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို  တိုင်းတာရာတွင် ပညာရည်မြင့်မားခြင်းသည်အဓိကလိုအပ်ချက်တစ်ချက်ဖြစ်ကြောင်း၊ စာပေသည် ပြည်သူများအတွက် အသိလိမ္မာသိုမှီးရာ၊ ထုတ်ယူသုံးစွဲရာ ပညာဘဏ်တိုက်ကြီးလည်းဖြစ်ကြောင်း၊ ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ ဆောင်ပုဒ်မှာ “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်း ကမ္ဘာကြီးသို့ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့”ဖြစ်ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ KG+9 ဖြစ်သော အခြေခံပညာအလယ်တန်း အဆင့်ပညာရေးပြီးမြောက်ရေး၊ စိုက်ပျိုးရေးမွေးမြူရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဖြစ်လာစေရန် ဆက်လက်သင်ယူသွားနိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊  တည်ငြိမ်အေးချမ်းသည့် လူ့အဖွဲ့အစည်း ဖြစ်လာစေရေး လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊  စာပေတတ်မှ အသိပညာဗဟုသုတတိုးပွားပြီး လူ့ဘောင်အဖွဲ့အစည်းလည်း တိုးတက်နိုင်မည်ဖြစ်၍ ငြိမ်းချမ်းသော ကမ္ဘာသို့ ကူးပြောင်းနိုင်မည်ဖြစ်ရာ စာတတ်မြောက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ကယားပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက ဖတ်ကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် (Video Clip)အား ပြသခဲ့ရာ တက်ရောက်လာကြသူများက ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး ၊ ကဗျာ ၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများတွင် ပြည်နယ်အဆင့်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းများနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ရာ ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများက ဆုများ လက်ခံရယူခဲ့ကြသည်။

ထို့နောက် လွိုင်ကော်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူများကစာတတ်မြောက်ရေး ဝိုင်းကူပေး"သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး အဖွင့်သီချင်းနှင့်အပိတ်သီချင်းဖြင့် သီဆိုကြသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ပညာရေးမှူးက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)