ဟင်္သာတ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဖောင်ဆိပ်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ညနေ (၃) နာရီခွဲ အချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေဘေးသင့်ပြည်သူများထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီးကျော်မြသန်း၊ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖောင်ဆိပ်ကျေးရွာမှ ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းအရင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီးကျော်မြသန်း၊ ခရိုင်ဆေးရုံအုပ်ကြီးနှင့် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ အုန်းတောကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စုများသို့ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးအထောက်အကူပြုပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်များနှင့် ကြက်ဥများအား ရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းသည် ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုနှင့် တာအနည်းငယ်ကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေဝင်ရောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနနှင့် ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ တာကျိုးပေါက်မှုကြောင့် မြစ်ရေဝင်ရောက်နေမှု အခြေအနေများ၊ စိုးရိမ်ရေမှတ်ရောက်ရှိမှု၊ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)