ရွှေဘိုတက္ကသိုလ်တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုအထိမ်းအမှတ် ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ရွှေဘို စက်တင်ဘာ ၈

နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး၊ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာပြင်ပ စာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေဘိုတက္ကသိုလ်တို့ပူးပေါင်း၍ လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအထိမ်းအမှတ် ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတို့ကို ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေဘိုတက္ကသိုလ်၊ ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာစာပါမောက္ခ (ဌာနမှူး) ဒေါက်တာချိုချိုသန်းက ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေဘိုခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ဆောင်ရွက်ကာ မောင်ကျော်ဖြိုးအောင် (မဟာတန်းပထမနနှစ်၊ ဓါတုဗေဒ) က လူငယ်နှင့်မိတ္တဗလ၊ မောင်ရန်ပိုင်စိုး (မဟာတန်းဒုတိယနှစ်မြန်မာစာ)က လူငယ်နှင့်စာရိတ္တ၊မသီရိကျော်ကျော် (မဟာတန်း ဒုတိယနှစ် ရူပဗေဒ) ကလူငယ်နှင့်ကာယဗလ၊

မမြယွန်းလွှာ (ဒုတိယနှစ်ဂုဏ်ထူးတန်း ပထဝီ) ကလူငယ်နှင့်ဥာဏဗလ၊ မပေါ်ထိန်ထိန် (မဟာတန်းမထမနှစ် သမိုင်း) က လူငယ်နှင့်ဘောဂဗလ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသား/ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)