ကျွန်းစု အောက်တိုဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း မဲဆန္ဒနယ်ပြင်ပရောက်နေသော ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ(၆)ခု၏ မဲပုံးများအား လုံခြုံရေး ကြိုးများနဲ့ ချိတ်ပိတ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဲပုံးများ ချိတ်ပိတ်ခြင်းအခမ်းအနားကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးဥက္ကဋ္ဌ ဦးအောင်ဝင်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီဝင်များ တက်ရောက်ခဲ့ရာ ကျွန်းစု မြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၁)ပုံး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၂)ပုံး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၂)ပုံး၊ ကရင်တိုင်းရင်းသားလူမျိုး တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(၁)ပုံး စုစုပေါင်း ကြိုတင်မဲပုံး(၆)ပုံးကို တက်ရောက်လာသူများရဲ့ရှေ့တွင် လုံခြုံရေးကြိုးများ ချိတ်ပိတ်ခဲ့သည်။
ကျွန်းစုမြို့နယ်တွင် နိုင်ငံပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၅၄)ဦး ရှိရာ ၎င်းတို့၏ မဲလက်မှတ်များအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အစီအစဉ်ဖြင့် သက်ဆိုင်ရာ သံရုံး များကို ပေးပို့ပြီးဖြစ်ကြောင်း၊ မြို့နယ်၏ မဲဆန္ဒနယ်ပြင်ပရောက် အချုပ်သားများနှင့် သင်တန်းသားများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၄)ဦး၊ တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စု ဝင်များ(၄၆၀)ဦး၊ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်ချူးမျက်ခြယ်ထံမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)