တောင်ငူ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးသင်တန်း ကျင်းပ

တောင်ငူ စက်တင်ဘာ ၈

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူမြို့၊ ဇေယျာသီရိမိဘမဲ့ အမျိုးသမီးကလေးငယ်များဖွံ့ဖြိုးတိုးတက်ရေး ပရဟိတဂေဟာ၌ ယနေ့နံနက်(၉)နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်း ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်ဒေါ်ခိုင်ခိုင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက  ကလေးသူငယ်အခွင့်အရေး(၄)ရပ် (အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်)၊ ကျန်းမာရေးဆိုင်ရာအခွင့်အရေးများ၊ ပညာရေးဆိုင်ရာအခွင့်အရေးများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လွဲမှားစွာပြုကျင့်ခြင်း၊ လျစ်လျှူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့မှ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှိပ်ကွပ်အနိုင်ကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာမတော်မတရားပြုမူခြင်း၊ ညစ်ညမ်းဓာတ်ပုံများ ပြုလုပ်ဖြန့်ဖြူးခြင်း၊ ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း၊ အတင်းအကြပ်လက်ထပ်ခြင်း (သို့မဟုတ်) လက်ထပ်စေခြင်း ပြစ်မှုနှင့် ပြစ်ဒဏ်များကို ဟောပြောဆွေးနွေးပို့ချသည်။

အဆိုပါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအသိပညာပေးသင်တန်းသို့ ဇေယျာသီရိမိဘမဲ့ အမျိုးသမီးငယ်များဖွံ့ဖြိုးတိုးတက်ရေး ပရဟိတဂေဟာမှ အမျိုးသမီးငယ်(၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇော်ကိုကို (ပြန်/ဆက်)