တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား တက်ရောက်

မြိတ် စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်(၉)နာရီက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပသည့် (၂၀၂၃) ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား တက်ရောက်ခဲ့ကြရာ အခမ်းအနားကို အ.ထ.က(၃) ကျောင်းသား/သူများက “ စေတနာပန်းတို့လန်းရာမြေ ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားတိုင်း KG+9 (အလယ်တန်းအဆင့်) ပညာပြီးဆုံးသည်အထိ သင်ကြားနိုင်ရေး ၊ စိုက်ပျိုးရေးပညာ ၊ မွေးမြူရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင် သူများဖြစ်လာစေရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၁၄)ခုနှစ်နှင့်(၂၀၁၉)ခုနှစ် သန်းကောင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက်(၅)နှစ်နဲ့အထက် လူဦးရေ (၄)သန်းခန့် တစ်နည်းအားဖြင့် နိုင်ငံ့လူဦးရေရဲ့ (၈.၁)ရာခိုင်နှုန်းသည် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ကြရတာကို လေ့လာတွေ့ရှိရကြောင်း၊ စာမဖတ်တတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို  အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက်မှုများ ရှိနိုင်သည့် အတွက် လူတိုင်း စာတတ်မြောက်ရန် အလွန်အရေးကြီးကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ (၂၀၂၃)ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော ယူနစ်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို  တိုင်းဒေသကြီးပညာရေးမှူး ဦးဝင်းနောင် က ဖတ်ကြားပြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်သား/ သူများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့် ခဲ့ကြပြီး မြိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား/သူများအား ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ခဲ့ကြသည်။

ထို့နောက် အ.ထ.က(၉) ကျောင်းသား/သူများက “တို့အင်တို့အား” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး (၂၀၂၃)ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု  VIDEO CLIP  ပြသရာ ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ (၂၀၂၃) ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေး‌နေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်း ကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ စာမတတ်သူ လူငယ်များနှင့် လူကြီးများအတွက် စာတတ်မြောက်ရေး လုပ်ငန်းအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း  သိရသည်။

ခိုင်ထူး (ပြန်/ဆက်)