ပေါက်ခေါင်း စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ၂၀၂၃ ခုနှစ်စိုက်ပျိုးရာသီတွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနိုင်မှုမှာ ယခင်နှစ်ထက် ပိုမိုများပြားခဲ့ပြီး စိုက်ဧက ၁၁၄၅၆ ဧကအထိစိုက်ပျိုးထားနိုင်ခဲ့ပြီး တောင်သူများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တောင်သူများ လက်ဝယ်ရရှိအသုံးပြုနိုင်အတွက် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့ချကိရိယာ (Dram Seeder) စိုက်ပျိုးနည်းစနစ်ကို တောင်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် စိုက်ပျိုးနည်းစနစ်များကို ကွင်းအရောက်ပြသပေးခြင်းနှင့်တောင်သူများ စပါးမျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးနိုင်ရန်အတွက် တောင်သူပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စံပြစိုက်ခင်းများ စိုက်ပျိုးထားခြင်းနှင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများနှင့် အားသာချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ခြင်းကြောင့် တောင်သူများ စိတ်ဝင်စားမှုများလာပြီး ယခုနှစ်တွင် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာခြင်းဖြစ်ကြောင်း သိရသည်။ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် စပါးစိုက်တောင်သူများအနေဖြင့် မျိုးစေ့ကုန်ကျစရိတ်ကို သက်သာစေခြင်းနှင့် လုပ်အားခသက်သာခြင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းဖြင့် လေဝင်လေထွက်ကောင်းခြင်း၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး ပိုးသတ်ဆေးများ ပက်ဖျန်းရာတွင် လွယ်ကူခြင်းတို့နှင့် စသည့်အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းထွန်းထံမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ လယ်ယာစိုက်ပျိုးသည့် တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများကို နှစ်သီးစားမှ သုံးသီးစားအထိ တိုးချဲ့စိုက်ပျိုးလာသည့်အတွက် ရာသီချိန်စိုက်ပျိုးခြင်းနှင့် ဈေးကွက်ခိုင်မာသည့် သီးနှံများနှင့် မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးလာကြသည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးမှုအနေဖြင့် တစ်မြို့နယ်လုံးတွင် Drum Seeder ဖြင့် ၁၁၄၅၆ ဧက၊ ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် ၂၀၃၃၉ ဧက၊ သတန်ကြဲခင်း ၁၄၉၆၂ ဧက၊ စုစုပေါင်း ၄၆၇၅၇ ဧကအထိ ကွင်းပိတ်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)