ဘားအံ စက်တင်ဘာ ၈
“တည်ငြိမ်အေးချမ်းသောလူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပခဲ့သည်။
ဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ဒို့အင်ဒို့အား သီချင်းဖြင့် အခမ်းအနားကို ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့မျက်မှောက်ခေတ်သည် သင်ကြားသင်ယူမှုအခွင့်အလမ်းများစွာရှိသည်နှင့်အညီ သင်ယူသူများ အတွက်သင်ယူမှုနယ်ပယ်ချဲ့ထွင်စေပြီး စာမတတ်သူပပျောက်ရေးအတွက် ရည်ရွယ်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၈၄၅) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၂၀)ကျောင်း၊ စုစုပေါင်း (၁၈၈၇)အထိ ဖွင့်လှစ်ခွင့်ပြုထားပြီဖြစ်သည့်အတွက် သင်ယူမှုအခွင့်အလမ်းများစွာရရှိနေပြီ ဖြစ် ကြောင်း၊ ယနေ့နိုင်ငံတော်မှကျင့်သုံးနေသော ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းနေနိုင်ရေးသည် စာမတတ်သူပပျောက် ရေးကို ဦးတည်ခြင်းဖြစ်ပြီး စာတတ်သူများလာမှ ဆင်းရဲမှုသည်လည်း အထိုက်အလျောက်လျော့နည်းလာမည်ဖြစ်ကာ စာမတက်သူပပျောက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစသိန်းကျော်က ၂၀၂၃ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အတွက် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်း အမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဆုရကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အထိမ်းအမှတ် ဆုရစာစီ စာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)