မြန်အောင် စက်တင်ဘာ ၈
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ အရေးပေါ် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ယမန်နေ့ ညနေပိုင်းတွင် အဆိုပါနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ကြီးများသည် မြန်အောင်မြို့၊ အမှတ် (၁)ရပ်ကွက် လွန်ဆေးမြိုင်ပန်းခြံအနီး တာမိုင်(၅/၂)မှ(၇/၀)အတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သော နေရာတွင် တာတမံကာကွယ် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီး မှူးတို့မှ ကမ်းစားကမ်းပြိုခြင်းများအား Geotextile ဖြင့် ကာကွယ်ခြင်း၊ တုတ်ရိုက်၊ သဲအိတ် ဖြည့်ကာကွယ်ခြင်းနှင့် ကမ်းထိန်းလုပ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အရေးပေါ်ယာယီကမ်းထိန်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန်၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများ ရေးဆွဲဆောင်ရွက်ရန်နှင့် ဒေသခံများ ထိခိုက်မှုမရှိစေရေး ကြိုတင်ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ သည်။ ထို့နောက် မြန်အောင်မြို့၊ အမှတ်(၆) ရပ်ကွက်ရှိ ဧရာဝတီမြစ်ရေ တက်ရောက်မှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုးရိမ်ရေမှတ်၊ အန္တရာယ်ရေမှတ်ရောက်ရှိမှု အခြေအနေ များ အမြဲမပြတ် စောင့်ကြည့်ထားရှိရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်အောင်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ သမိုင်းဝင်မြန်အောင်ဘုံသာ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို ၍ အလှူငွေများလှူဒါန်းခဲ့သည်။ ထို့နောက် ဧရာဝတီမြစ်ရေ တက်ရောက်မှုကြောင့် ဓမ္မာရုံ တွင် ရွှေ့ပြောင်းထားရှိသည့် အမှတ်(၆)ရပ်ကွက်ရှိ အိမ်ခြေ (၂၁)အိမ်၊ အိမ်ထောင်စု(၂၁)စုရှိ ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံအားပေး၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများအား နေထိုင်စားသောက်ရေးကိစ္စများ စနစ်တကျ စီစဉ်ပေးရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)