တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး  စက်တင်ဘာ   ၈

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပခဲ့ရာ အမှတ်(၉၀)၊ အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)မှ Grade-7 ကျောင်းသား၊ ကျောင်းသူလေးများက ကျရာခေါင်းစဉ်ဖြင့် မဲနှိုက်ရွေးချယ်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား စာရေးဆရာ တောင်တွင်းအောင်သက်ဦးက ဂုဏ်ပြုလက်ဆာင်များ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀)ဦးတို့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ တောင်တွင်းကြီးမြို့နယ်၏ အထင်ကရပုဂ္ဂိုလ်များနှင့် အထင်ကရ မှတ်တမ်းဓာတ်ပုံများကို စိတ်ပါဝင်စားစွာ ကြည့်ရူ့လေ့လာခဲ့ကြကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)