ပွင့်ဖြူ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံ စေရေးအတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ မြေပဲအထွက်နှုန်းလည်း ကောင်းမွန်သဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ဒေသမှာ တောင်သူအများစုက နှစ်စဉ် မိုးဦးမိုးနဲ့ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရေးလုပ်ငန်းကို ဒေသတွင်း စားသုံးဆီရိက္ခာ ဖူလုံပိုလျှံစေရေးအတွက် အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ တောင်သူအများစု စိုက်ပျိုးတဲ့ မြေပဲမျိုးကတော့ (မကွေး-၁၁) မြေပဲများကို စိုက်ပျိုးတာဖြစ်ပါတယ်။ ယခုဆိုရင် အချို့ကျေးရွာတွေမှာ မိုးဦးမိုးနဲ့ မြေပဲသီးနှံ ဆောလျင်စွာ စိုက်ပျိုးတဲ့တောင်သူတွေဟာ မြေပဲစိုက်ခင်းတွေ စတင်သိမ်းဆည်းနေကြပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာ မိုးရွာသွန်းမှုကလည်း ကောင်းမွန်ခဲ့တဲ့အတွက် ဆီထွက်သီးနှံ မြေပဲစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အထွက်နှုန်း လည်းကောင်းတယ် ။ တစ်ဧကကို မြေပဲတောင့်တင်းရေ (၅၅) ဒသမ (၈၂) တင်းခန့် ထွက်ရှိတယ်။ မြေပဲဈေးလည်းကောင်းတော့ ဒီနှစ် မြေပဲသီးနှံစိုက်ပျိုးတောင်သူတွေ လုပ်ငန်းအဆင်ပြေပါတယ်” ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးကပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင် ကြကြောင်းသိရကာ သီးနှံများစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိစေမည့် ဈေးကွက်ဝင်သီးနှံများကို ရွေးချယ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ အဓိက စိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ နေကြာ၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲစင်းငုံ စသည့် သီးနှံများကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ဒေသခံတောင်သူများ မိုးဦးမိုးနဲ့ စိုက်ပျိုးသည့် မြေပဲစိုက်ခင်းများမှာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် စနစ်တကျ စိုက်ပျိုးဆောင်ရွက်ခဲ့သဖြင့် မြေပဲအထွက်နှုန်းများလည်း ကောင်းမွန်လျက်ရှိကြောင်း၊ တစ်မြို့နယ်လုံး ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးမှု အနေဖြင့် လျာထားဧက မြေပဲ (၂၉၃၃) ဧကရှိပြီး မြေပြင်စိုက်ပျိုးသည့် မြေပဲစိုက်ဧက (၁၀၈၀) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မိုးမိုးဝေထံက သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဒေသခံ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မိုးစပါးသီးနှံ (၆၉၉၄၃) ဧက၊ ဖူးစားပြောင်း (၁၂၈၂) ဧက၊ နှံစားပြောင်း (၂၀) ဧက၊ ပဲမျိုးစုံသီးနှံ (၉၃၂၆) ဧက၊ ဆီထွက်သီးနှံစုံ (၁၀၅၃၈) ဧက၊ ဝါသီးနှံ (၅၀၀၀) ဧက၊ ကြံ (၈) ဧက၊ ထန်း (၂၂၂) ဧက၊ ကွမ်း (၅၂) ဧက၊ ငရုတ်စို (၄၀၄) ဧက၊ အခြား စားသုံးသီးနှံ (၃၉၀၀) ဧက၊ ကျွဲနွားတိရစ္ဆာန်အစာပင် (၂၉၁၇) ဧက၊ အထွေထွေသီးနှံ (၉၈၁) ဧက၊ အစေ့ကြားကြက်ဆူ (၂၅) ဧက၊ စုစုပေါင်း (၁၀၄၈၇၅) ဧက လျာထား စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )