မင်းလှမြို့နယ်တွင် စပါး၊ ဝါ၊ နေကြာစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲ ကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ စပါး၊ ဝါ၊ နေကြာစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်စိုက်အပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သရက်ခရိုင်စိုက်ပျိုးရေးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်တို့က အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသိန်းက မင်းလှမြို့နယ်တွင် မိုးစပါး၊ နေကြာနှင့် ချည်မျှင်ရှည်ဝါ စိုက်ပျိုးသောတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန်နှင့် စိုက်ပျိုးသည့် သီးနှံများ အထွက်တိုးတက်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ရောင်းချပေးသည့် ယူရီးယားဓာတ်မြေဩဇာစုပေါင်းရောင်းချ‌‌ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ယူရီးယားဓာတ်‌မြေသြဇာရောင်းချပေးခြင်းပြုလုပ်ခဲ့ရာ မိုးစပါး၊ မိုးနေကြာ၊ ချည်မျှင် ရှည်ဝါ စိုက်ပျိုးသော တောင်သူများကို ယူရီးယားဓာတ်မြေဩဇာ (50Kg)အိတ် (၅၆၀)အိတ်အား ရောင်းချပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်သုံးစွဲနည်းအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)