ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် သာသနာနုဂ္ဂဟအသင်းမှ ကြီးမှူး ကျင်းပပူဇော်သော (ပထမအကြိမ်) နှစ်သစ်ဦးမင်္ဂလာ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက ကျင်းပခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးအရှေ့ရပ်ကွက် ပဏ္ဍိတာရာမကျောင်းတိုက်ရှေ့မှ စတင်လောင်းလှူပူဇော်ခဲ့ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၆)ကျောင်းမှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေ၊ သီလရှင်ဆရာကြီး ဆရာလေးများ အပါအဝင်စုစုပေါင်း သံဃာတော်(၂၃၇)ပါးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မြို့နယ်နေပြည်သူများက ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်ပစ္စည်းများအား လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)