စလင်းမြို့နယ်တွင် မဲရုံးမှူးနှင့် ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက်

စလင်းအောက်တိုဘာ ၁၆

စလင်းမြို့နယ်တွင် ၂၀၂၀ပြည်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က စလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ စည်သူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မဲရုံမှူးသင်တန်းကို အောက်တိုဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်တို့တွင် အ.ထ.က (၁) စလင်းနှင့် အ.ထ.က (ဆင်ဖြူကျွန်း) ကျောင်းတို့တွင် အုပ်စု ၂ စုခွဲ၍ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် နှစ်သုတ်ခွဲ၍ နှစ်နေရာတို့တွင် နံနက်(၈)နာရီမှ ညနေ(၄) နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

စလင်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၁၁၀) ရှိရာ မဲရုံပေါင်း (၁၇၉) ရုံရှိပြီး မဲရုံမှူးပေါင်း (၅၅၈) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှသိရှိရသည်။

မောင်လွင်(ပြန်/ဆက်)