ပုသိမ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ် စက်တင်ဘာ 

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီး အဆင့်) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် က “(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲများကို ပြုလုပ်ပြီးစီးပြီဖြစ်၍ (တိုင်းဒေသကြီးအဆင့်) ကျင်းပရေးအတွက် ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် အညီပြုလုပ်သွားရမှာဖြစ်ပါကြောင်း၊ (၂၃)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် တတိယနေရာတွင် ရရှိခဲ့ပါကြောင်း နှင့် ယခင်နှစ်အားသာချက် များကို ဆက်လက်ထိန်းသိမ်း၍ အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက်သွားရန်လိုပါ ကြောင်း၊ ကော်မတီ များအနေဖြင့်လည်း မိမိတို့တာဝန်ယူထားသည့် ကော်မတီများအလိုက် အသေးစိတ်တင်ပြ ဆွေးနွေးပေးကြစေလိုကြောင်း၊ ယခင်နှစ် (ဗဟိုအဆင့်) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သူများသည် တန်းတက်ပြိုင်ရမည်ဖြစ်ပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲတွင် ယခင်နှစ်ထက် အောင်မြင်မှုပိုမိုရရှိအောင် ကြိုးစားဆောင်ရွက်သွားရန်လိုပါကြောင်း” အမှာ စကားများပြောကြားသည်။

ဆက်လက်၍ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးတွင် ကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်တွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု၊ ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အောင်နိုင်ရေးကော်မတီဖွဲ့စည်းထားရှိမှု၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆုရရှိမှုအခြေအနေ များ၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ခရိုင်အလိုက်ပြိုင်ပွဲ ဝင်ရောက်နိုင်မည့် အခြေအနေ များအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)က ပြိုင်ပွဲအစီအစဉ်နှင့် လစ်လပ် လျက်ရှိ သော ပြိုင်ပွဲဝင်အဆင့်များအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ အထွေထွေဆွေးနွေးတင်ပြချက် များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲ တွင်လည်း ယခင်နှစ်ထက် အောင်မြင်မှုများရရှိအောင် ကြိုးစား ဆောင်ရွက်ပေးကြရန် ဖြည့်စွက်ပြောကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)