အိမ်မဲ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မြို့မစျေးကြီး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးရောင်း/စျေးဝယ်များအား ကိုဗစ်-၁၉ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရန် နှာခေါင်းစည်း စနစ်တကျတပ်ဆင်မှု ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
"အိမ်မဲမြို့မစျေးကြီးမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးရောင်းချတဲ့ ဆိုင်များကိုသာ နေ့စဉ်နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီထိ ဖွင့်လှစ်ရောင်းချခွင့်ပေး ထားပါတယ်။ အဲ့ဒီမှာ စျေးရောင်း/ စျေးဝယ်ကြတဲ့သူတွေ နှာခေါင်းစည်းကို စနစ်တကျ မတပ်တာ၊ အရှင်းမတပ်ဆင်တာ၊ မေးမှာချိတ်ထားတာတို့ကို လိုက်လံစစ်ဆေးနေတာပါ။ နောက်ပြီး ယာယီပိတ်ထားတဲ့ စျေးဆိုင်တွေပါ ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးပါ။ အိမ်မဲမြို့ပေါ်ဈေးဆိုင်ခန်းများနဲ့ လမ်းဘေးဆိုင်များ၊ နေအိမ်များမှာဖွင့်တဲ့ အလှပြင်ဆိုင်၊ ဆံသဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်း၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ အခြားလုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေသူများကို သတ်မှတ်ထားတဲ့ အချိန်အတွင်းသာ ရောင်းချကြဖို့ အကြောင်းကြားထားပြီးဖြစ်ပါတယ်။လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများနဲ့ အရေးယူသွားပါမယ်လို့" မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးမျိုးဇော်က ပြောသည်။
အိမ်မဲမြို့မစျေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်မှု ရှိ/မရှိစစ်ဆေးခြင်း၊ စျေးအတွင်း ကာဘောလစ် ပိုးသတ်ဆေး ဆပ်ပြာရည် ဖျန်းခြင်းတို့ကို နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)