ရေဖြူ စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ အသီးသီးမှ ချေးငွေလုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ကြရမည့် ကိစ္စရပ်များ၊ မြို့တွင်း ဘုရား၊ စေတီ၊ ဆေးရုံ၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပ၍ ဥပဓိရုပ် ကောင်းမွန်စေရေး၊ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်ထားရှိကြရန်၊ အပတ်စဥ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက် လာရောက်ကြရန်နှင့် မိမိတို့ ရုံးအဆောက်အအုံအတွင်း အပြင် သန့်ရှင်းသာယာလှပရေနှင့် ရုံးဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိကြရန်၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ဌာန လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှနောင်က နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ထူးခြားဖြစ်စဉ်သတင်းများ ပေးပို့နိုင်ရေး ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခတ္တာ(ရေဖြူ)