လက်ပံတန်း အောက်တိုဘာ ၁၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ လက်ပံတန်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များ ရောက်ရှိ၍ ဆန္ဒမဲ လက်မှတ်များကို မြို့မရဲစခန်းဝန်းရှိ မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်တိုက်တွင် သိမ်းဆည်းထားရှိခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
လက်ပံတန်းမြို့နယ်သို့ ရောက်ရှိလာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ဆန္ဒမဲလက်မှတ်များ၊ အမျိုးသား လွှတ်တော်အတွက် ဆန္ဒမဲလက်မှတ်များ၊ တိုင်းဒေသကြီး လွှတ်တော်အမှတ်(၁)နှင့် အမှတ်(၂)အတွက် ဆန္ဒမဲလက်မှတ်များ၊ မဲပုံးကပ်စက္ကူများ၊ မဲရုံသုံး ပစ္စည်းထုပ်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ အဖွဲ့ဝင်များအားလုံးမှ ကြည့်ရှု စစ်ဆေး၍ မြို့မရဲစခန်းဝန်းရှိ မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်တိုက်တွင် သိမ်းဆည်းထားရှိ ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ပါတီစုစုပေါင်း (၆)ခုရှိပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း(၅)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ မဲဆန္ဒနယ်(၂)ခုမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး၊ ကရင်တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၈)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဝင့်နန္ဒာဌေး