စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူလူထု၏ စားရေရိက္ခာ ပြည့်ဝစေရေးအတွက် အဓိကကျသည့် ဆန်၊ ဆီနှင့် အခြေခံစားသောက် ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန် ရည်ရွယ်၍ သား၊ ငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် ဆောင်ရွက်ပေးနေသကဲ့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် စည်ပင်သာယာဈေးများတွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများအနေဖြင့် အလွယ်တကူ ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးမွေးမြူမှုများမှ တိုက်ရိုက် ရောင်းချခြင်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် ဆန်စပါးဖူလုံရုံ သာမက ပိုလျှံမှုရှိသဖြင့် ဆန်ဈေးနှုန်းများအား သင့်တင့် မျှတပြီး တည်ငြိမ်စေရန်၊ ဈေးကစားလိုသည့် သဘောဖြင့် သိုလှောင်ထားပြီး ဈေးနှုန်း မြှင့်တင် ရောင်းချမှုများမဖြစ်စေရေး အားလုံးဝိုင်းဝန်းထိမ်းသိမ်းရန် လိုအပ်ပါကြောင်း၊ စားသုံးဆီနှင့် ပတ်သက်ပြီး သင့်တင့်သည့် ရည်ညွှန်း ဈေးနှုန်းအား သတ်မှတ်ကာ ဖြန့်ခွဲပေးထားပြီးဖြစ်၍ ဖြန့်ဖြူးသည့် အရေအတွက်နှင့် ရောင်းချသည့်ဈေးနှုန်းများ မှန်ကန်မှုရှိစေရေး တာဝန်ရှိသူ များမှ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်းများ မြင့်တက်ခြင်း၊ ဈေးကစားခြင်း၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ကာ ကုန်စည်အဝင်အထွက် မျှတမှုရှိ/မရှိ တို့အား စောင့်ကြည့်စစ်ဆေးပေးနေရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်နှင့် ကုန်ထုတ်လုပ်မှု တိုးတက် လာစေရန်အတွက် လိုအပ်သည့် ပံ့ပိုးမှုများ ပေးခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စီးပွားရေးနည်း၊ စည်းရုံးရေးနည်း၊ စိစစ်ကြပ်မတ်နည်း တို့ဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဆောင်ရွက်နေမှုလုပ်ငန်းအခြေအနေ များနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြပြီး ကုန်သည်လုပ်ငန်းရှင်များမှ မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာ ခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်/မြို့နယ်များ အတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်းကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီး အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။                           

တိုင်းဒေသကြီး၊ ပြန်/ဆက်