အုတ်တွင်းမြို့နယ် အထက(ခွဲ) ဥယျာဥ်တော်၌ လူငယ်စကားဝိုင်း ကျင်းပ

အုတ်တွင်း စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် အ.ထ.က (ခွဲ) ဥယျာဥ်တော် ရွှေကျောင်းကုန်းကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းဝင်းရှိ ဇမ္ဗူမဏ္ဍိုင်ဓမ္မဗိမာန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာလူငယ်စကားဝိုင်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ခင်မူမူဝင်းက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်စေရန်၊ လူငယ်များအချင်းချင်းရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ဦးဆောင်ဆွေးနွေးပြီး Grade-10 မှ မောင်ချစ်မောင်မောင်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 မှ မဝေဝေအောင်က လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-10 မှ မောင်ဖြိုးခန့်ကျော်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-10 မှ မတင်မိုးခိုင်က လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-10 မှ မဇူးဇူးနွယ်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 မှ မဌေးဂျူလီက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 မှ မကေသွယ်မြင့်က လူငယ်နှင့်ပညာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 မှ မဆုဘုန်းခင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ဇော်ခန့် ထူးကလူငယ်နှင့်အလေ့အကျင့် ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း စကားဝိုင်း၏ ခေါင်းစဥ်အလိုက်သိရှိလိုသည့် အချက်များကိုမေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီး ပါဝင်ဆွေးနွေးသော ကျောင်းသား၊ ကျောင်းသူ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)