ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြာင့် မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်းအား မြစ်ကမ်းနှင့် ဝေးရာသို့ ပြောင်းရွှေ့

ဟင်္သာတ စက်တင်ဘာ ၈

ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးတဖြည်းဖြည်းပြိုကျမှု ဖြစ်ပွားလျက်ရှိရာ လက်ရှိအချိန်တွင် ငှက်ပျောတောကျေးရွာရှိ မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်းမှာ ဧရာဝတီမြစ်ကမ်းနှင့် ပေ(၅၀) ခန့်သာ ကွာဝေးတော့သဖြင့် မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်းအား မြစ်ကမ်းနှင့် ဝေးရာ ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ ထိန်ပင်ကွင်း ကျေးရွာရှိ ကွင်းအမှတ် ၁၃၈၇(ခ)သို့ ရွှေ့ပြောင်းလျက်ရှိသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသွင်ကိုကိုအောင် ဦး‌ဆောင်သော တပ်ဖွဲ့ဝင် ၁၄ ဦး၊ ဟင်္သာတ ခရိုင် ကွန်ယက်မှ ကိုအောင်မျိုးထွန်း ဦးဆောင်သော လူ(၁၁)ဦးနှင့် ငှက်ပျောတောကျေးရွာနေ ရွာသူ/သား အင်အား(၂၀၀)ခန့်မှ ကူညီရွှေ့ပြောင်း လျက်ရှိသည်။

ဟင်္သာတမြို့နယ်အတွင်း ဧရာဝတီမြစ်ရေတိုက်စားကာ မြစ်ကမ်းပါး တဖြည်းဖြည်းပြိုကျမှု ဖြစ်ပွားလျက်ရှိသောကြောင့် သဘာဝဘေး အန္တရာယ်ကို ကြိုတင်ရှောင်ရှားသည့်အနေဖြင့် ရွှေ့ပြောင်းရပါကြောင်းနှင့် လူ/တိရိစ္ဆာန်များ ထိခိုက်/ဒဏ်ရာရရှိမှုနှင့် နေအိမ်အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)