စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောက်ရဲကျွန်းကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား

စလင်း စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီး  အစိုးရအဖွဲ့မှ ကျောက်ရဲကျွန်းကျေးရွာရှိ  အိမ်ထောင်စု (၈၅) စု၊ လူဦးရေ (၃၀၈) ဦးတို့  ဧရာဝတီမြစ်ရေ မြှင့်တက်ရေဝင်ရောက်မှုကြောင့်  မြစ်ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့်  ကြိုတင်ပြောင်းရွှေ့ခဲ့သည့်  ပြည်သူများအား  ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို  ယမန်နေ့ နံနက် (၁၁) နာရီ (၃၀) အချိန်က ကျောက်ရဲကျွန်းဘုန်းတော်ကြီးကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ် ကျောက်ရဲကျွန်းကျေးရွာ  ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်သီရိပျံချီ  ဦးတင့်လွင်နှင့်  အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ရဲမှူးကြီးလင်းထွဋ်၊   သယံဇာတဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး  ဦးသန့်ဇင်ကိုကိုနှင့် တိုင်း/ခရိုင် အဆင့်ဌာနဆိုင်ရာများနှင့် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် သက်ဆိုင်ရာ  ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကမ်းပြိုဘေးသင့်ပြည်သူများအား  ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်မှ  အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ  ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၈၅) စုအား  ခေါက်ဆွဲခြောက်၊ မုန့်ခြောက်နှင့်  ကော်ဖီမစ်ထုပ်များ    ထောက်ပံ့ပေးအပ်ခဲ့ပြီး  ကျောက်ရဲကျွန်းကျေးရွာ  အခြေခံပညာအထက်တန်းကျောင်းခွဲရှိ  မူလတန်းကျောင်းသား (၈၇) ဦး၊ ကျောင်းသူ (၆၅) ဦး၊ စုစုပေါင်း (၁၅၂) ဦးအတွက်  ကျောင်းသုံး ဗလာစာအုပ် နှင့် စာရေးကိရိယာများအား  ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒေသခံပြည်သူများမှ  ဆောင်ရွက်လိုသည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ဝန်ကြီးချုပ်မှ  သက်ဆိုင်ရာဌာနဆိုင်ရာများမှ  ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်  ပြောကြားခဲ့သည် ကျောက်ရဲကျွန်းကျေးရွာ  ဒေသခံပြည်သူများ၏ ကိုယ်စားကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး  ဦးပေါက်စမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ကျောက်ရဲကျွန်းကျေးရွာ  ကျောင်းထိုင်ဆရာတော်  ဦးသုစိတ္တအား ဝတ္တုငွေနှင့် လှူဖွယ်ပစ္စည်းများကို   ဆက်ကပ်လှူဒါန်းခဲ့ကြသည်၊ အဆိုပါကမ်းပြု ဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ပွဲသို့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ  စုစုပေါင်း (၁၇၅) ဦး၊ တက်ရောက်ခဲ့ကြောင်း  သိရသည်။

(မောင်လွင်)စလင်း