ကျွန်းစု စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းနှင့် SMART Village စီမံကိန်းဖြင့် ဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က စီမံကိန်းရေး ဆွဲရေးနှင့် အကောင်အထည်ဖော်ရေး (TPIC) အစည်းအဝေးကို နှစ်စဥ်ပြုလုပ်လျက်ရှိပြီး တည်ဆောက်ရေး၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အားချပြဆွေးနွေး ပြောကြားခဲ့ရာ သက်ဆိုင်ရာဌာနများက တည်ဆောက်ရေးလုပ်ငန်းများ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပြန်လည် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းသန္တာက ကျွန်းစုမြို့နယ်တွင် ပထမဆုံးအနေဖြင့် ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာကို SMART Village (ခေတ်မီစံပြကျေးရွာထူထောင်ခြင်း)စီမံကိန်း ရွေးချယ်ခံရခြင်းဖြစ်ပြီး (၅)နှစ်စီမံကိန်းဖြစ်ရာ ကျေးရွာနှင့်ချိတ်ဆက်၍ ဖော်ထုတ်ရရှိလာသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများ၏ စီမံကိန်းများ စာရင်းတွင် ထည့်သွင်းလျာထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပေးစေလိုကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် SMART Village (ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်း) စီမံကိန်းနှင့် ပတ်သက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဌာနများက ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌမှ ဦးဆောင်၍ ဖော်ထုတ် ရရှိထားသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနအလိုက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် လျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ သက်ဆိုင်ရာဌာနများက လျာထားပေးနိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)