ကန့်ဘလူ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စံမညီဆေးဝါးများ ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ ၆ ရက်နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ အနေဖြင့် စံမညီဆေးဝါးများ ရောင်းချမှုရှိမရှိစစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ညွှန်ကြားချက်များနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ဆေးဝါးများကိုသာ ရောင်းချရန်တာဝန်ရှိသူများအား အသိပေးဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)